ဇော်ဂျီ Font သုံးထားပါသည်။

ဇော်ဂျီ Font သုံးထားပါသည်။

Tuesday, 17 May 2011

အမြင့်ကိုပျံမယ့် ငှက်ဇင်ယော်‏-နိုင်းနိုင်းစနေ ဘာသာပြန်သည်။

အရမ်းဖတ်လို့ကောင်းလွန်းလို့...ဝေမျှလိုက်ပါတယ်.......ဖတ်ကြည့်ပြီး...ခံစားလိုက်ပါဦး..

မိဘတိုင်းက ကိုယ့်သားသမီးတိုင်းကို လိမ္မာထက်မြက်စေချင်ကြတယ်။
"မကြိုးစားချင်"တဲ့ သားသမီးတွေနဲ့ ကြုံရတဲ့အခါ မိဘဘယ်နှစ်ပါးကများကိုယ်ချင်းစာစိတ်နဲ့ နားလည်မှုတွေ ပေးနိုင်ခဲ့သလဲ?
တချို့ကပြစ်တင်ဆဲဆိုဖို့၊ တချို့က ရိုက်နှက်ဖို့နဲ့ တချို့ကနားလည်ခဲ့ကြတယ်။
ဒီလိုအဖြစ်က သားသမီးတွေကိုဆုံးမရာမှာ အသုံးမဝင်တဲ့အပြင်သူတို့အတွက် စိတ်ဒဏ်ရာနဲ့ ကိုယ့်ကိုယ်မယုံကြည်မှုတွေ ပိုတိုးစေပြီးသင်ယူရမှာကို မုန်းတီးသွားနိုင်ပါတယ်။

"မကြိုးစားချင်"တဲ့ သားသမီးတွေနဲ့ ကြုံရတဲ့အခါ မိဘတွေက ကိုယ့်ဒေါသစိတ်ကိုအရင်ဆုံး မထိန်းချုပ်နိုင်ခဲ့ရင် ကလေးကိုပြောဆို ဆုံးမရာမှာအရာရောက်လိမ့်မယ် မဟုတ်ပါဘူး။

မိဘလုပ်သူမှာ အရင်ဆုံး တည်ငြိမ်တဲ့EQ၊ငြိမ်သက်တဲ့ ရင်ဘတ်၊ ကျယ်ပြန့်တဲ့အတွေး အမြင်ရှိမှ သားသမီးတွေကို
ညွှန်ပြဆုံးမနိုင်မှာဖြစ်တယ်။

ကလေးတစ်ယောက်က အဖြစ်အပျက်တစ်ခုကို လုံးဝနားမလည်နိုင် ဖြစ်နေခဲ့တယ်။

ဘာဖြစ်လို့ သူ့ဘေးခုံသူငယ်ချင်းက အဆင့်တစ်ရချင်တိုင်း ရနေပြီ၊အဆင့်တစ်မှန်းထားတဲ့သူက အဆင့် (၂၁)ဖြစ်နေခဲ့ရသလဲဆိုတာနဲ့ပတ်သက်ပြီးဖြစ်တယ်။

ဒီလိုနဲ့ အိမ်ပြန်ရောက်တော့ မိခင်ဖြစ်သူကို "မေမေ.. မေမေ သားကသူ့ထက်
ပိုညံ့နေလို့လား?

သားက သူ့လိုပဲ ဆရာမ စကားကိုနားထောင်တယ်၊
စာမှန်မှန်လုပ်တယ်။

ဒါပေမယ့် ဘာဖြစ်လို့ သားက သူ့ထက်အမှတ်နည်းရသလဲ?"

သားစကားကိုကြားတော့ မိခင်က သားဟာ ကိုယ့်ကိုယ်လေးစားကြည်ညိုစိတ်
(Self-esteem) ရှိလာပြီလို့ ထင်မိတယ်။

ဒီလို ကိုယ့်ကိုယ်လေးစားစိတ်ကို
ကျောင်းစာရဲ့အဆင့်က ထိခိုက်နာကျင်စေခဲ့တယ်။

မိခင်ဟာ သားအမေးကိုမဖြေဘဲ သားကိုပဲကြည့်နေခဲ့တယ်။ ဘယ်လိုအဖြေမျိုး
ပေးရမယ်မှန်း သူ မသိခဲ့လို့ဖြစ်တယ်။

နောက်တစ်ကြိမ်စာမေးပွဲမှာ သားအဆင့်(၁၇)ရပြီး သားသူငယ်ချင်းက
အဆင့်တစ်ရပြန်တယ်။ အိမ်ရောက်တာနဲ့ သားက အရင်အတိုင်း မိခင်ကိုမေးပြန်တယ်။

"သာမန်လူတစ်ဦးရဲ့ အသိဥာဏ်က ၃၆၉ရှိပြီး အဆင့်တစ်ရသူရဲ့ ဦးနှောက်က
တစ်ခြားလူထက် ပိုသွက်လက်လို့"လို့ သားကို သူဖြေချင်ခဲ့တယ်။

ဒါပေမယ့်ဒီလိုအဖြေမျိုးက သားလိုချင်ခဲ့တဲ့ တကယ့်အဖြေလား?

ဒါကြောင့် သားအမေကိုသူမဖြေခဲ့ပြန်ဘူး။

သားအမေးကို ဘယ်လိုပြန်ဖြေရမလဲလို့ သူအမြဲတွေးခဲ့တယ်။

တစ်ခြားမိဘဖြေခဲ့ဖူးတဲ့ အပ်ကြောင်းထပ်အဖြေတွေလို "သားက အဆော့မက်လို့၊
ကြိုးစားမှုနည်းလို့၊ တစ်ခြားလူထက် မကြိုးစားလို့" စတဲ့ အဖြေတွေဖြေဖို့သူစဉ်းစားခဲ့ဖူးသေးတယ်။

ဒါပေမယ့် သားလိုဥာဏ်ထိုင်းတဲ့သူ၊ အတန်းထဲမှာ အဆင့်မမီသူတစ်ယောက်အဖို့
ဘဝမှာ ရှင်သန်ရတာကိုက တစ်ခြားလူထက် ပိုပင်ပန်းနေခဲ့ပါပြီ။

ဒါကြောင့်သားရဲ့ထပ်တလဲလဲ အမေးအတွက် ပြည့်စုံတဲ့အဖြေတစ်ခုပေးဖို့
သူဆုံးဖြတ်လိုက်တယ်။

မူလတန်းအောင်ခဲ့တဲ့ သားက အရင်ထက်ပိုကြိုးစားခဲ့ပေမယ့် သူ့သူငယ်ချင်းကို
မမီခဲ့ဘူး။

ဒါပေမယ့် အရင်ကထက်စာရင် အမှတ်တွေ ကောင်းခဲ့တယ်။

သားရဲ့တိုးတက်မှုကို ဂုဏ်ပြုတဲ့အနေနဲ့ မိခင်ဟာ သားနဲ့အတူ ပင်လယ်ဖက်ဆီ
အလည်အပတ် ထွက်ခဲ့ကြတယ်။

အဲဒီခရီးစဉ်မှာပဲ သားရဲ့အမေးကိုသူပြန်ဖြေခဲ့ပါတယ်။

အခုအချိန်မှာ ကလေးငယ်ဟာ အဆင့်အတွက်နဲ့ စိုးရိမ်ပူပန်မနေခဲ့တော့ဘူး။

မူလတန်းတုန်းက သူအဆင့်ဘယ်လောက် ရခဲ့ကြောင်းကို လူတွေမေးမှာ
မကြောက်ခဲ့တော့ဘူး။

ဘာဖြစ်လို့လဲဆိုတော့ သူဟာ အထက်တန်းကို ပထမအဆင့်နဲ့
အောင်မြင်ခဲ့လို့ဖြစ်တယ်။

ဆုပေးပွဲမှာ ကလေးငယ်က ကျောင်းသားနဲ့ အုပ်ထိန်းသူတွေကို သူပထမရတဲ့
အတွေ့အကြုံကို ပြောခဲ့တယ်။

ဟောပြောပွဲမှာ ငယ်ငယ်ကမိခင်နဲ့တွေ့ကြုံခဲ့တာကို သူက ဒီလိုပြောပြခဲ့တယ်။

"အဲဒီနေ့က ကျွန်တော်နဲ့မေမေ သဲသောင်ပြင်ပေါ်မှာ ထိုင်နေခဲ့ကြတယ်။

မေမေကကမ်းခြေတစ်နေရာကို ထိုးပြပြီး "သား ပင်လယ်ဘေးက အစာရှာနေတဲ့ငှက်ကလေးတွေကို ကြည့်လိုက်၊ လှိုင်းလာတဲ့အချိန် တစ်ခြားငှက်တွေက အတောင်၂ချက်၊ ၃ချက်ခတ်ပြီး အမြန်ရှောင်နိုင်ကြတယ်။

ဒါပေမယ့် ဇင်ယော်တွေကပိုနှေးကွေး ထုံအသလိုပဲ၊ ကမ်းခြေကနေ အမြင့်ကိုပျံဖို့
သူတို့အချိန်တော်တော်ယူရတယ်။

ဒါပေမယ့် တကယ့်ကျယ်ပြန့်တဲ့ ပင်လယ်ပြင်ကိုပျံသန်းကျော်ဖြတ်နိုင်တာလည်း အဲဒီဇင်ယော်ငှက်တွေပဲ"

အဲဒီဟောပြောပွဲမှာ မိခင်တော်တော်များများနဲ့အတူ သူ့မေမေလည်း မျက်ရည်ကျခဲ့ရတယ်။

သူ့မိခင်က အကူအညီမဲ့တဲ့စကား၊
စိတ်ပျက်အားငယ်စေတဲ့စကားတွေ သားကို
ဘယ်တော့မှမပြောခဲ့ဘူး။
သင့်တော်တဲ့အဖြေ မတွေ့ခင်မှာသူနှုတ်ဆိတ်ငြိမ်သက်နေခဲ့တယ်။
တစ်လှမ်းချင်း တဖြေးဖြေးကြီးပြင်းလာတဲ့သားကို အားပေးဖေးမခဲ့တယ်။

ဒီလို နားလည်ခွင့်လွတ်တတ်တဲ့မိခင်ရင်ခွင်ထက်က ကြီးပြင်းခဲ့တဲ့သားဟာ နောက်ဆုံးမှာ အကောင်းဆုံးကို
ရွေးချယ်နိုင်ခဲ့တယ်။

အဆုံးအမဆိုတာ ဘဝတစ်ခုလုံးအတွက် လေးစားကြည်ညိုခြင်းနဲ့လှုပ်နှိုးခြင်းဖြစ်ပြီး ကိုယ်ထဲခိုအောင်းနေတဲ့ ဖြစ်နိုင်စွမ်းတွေကိုဖွံ့ဖြိုးတိုးတက်စေတာဖြစ်တယ်။

ကလေးငယ်တွေ ကျန်းကျန်းမာမာကြီးထွားရှင်သန်အောင် လူကြီးမိဘတွေမှာ ငြိမ်းချမ်းတည်ငြိမ်တဲ့စိတ်နှလုံး၊
ကျယ်ပြန့်တဲ့ရင်ခွင်တွေ ရှိသင့်ပါတယ်။

ဒါဟာ ခွင့်လွတ်နားလည်တဲ့စိတ်ရဲ့အခြေခံတွေပဲဖြစ်တယ်။



နိုင်းနိုင်းစနေ ဘာသာပြန်သည်။

http://www.99sanay.com/

No comments: