ကျွန်တော်နှစ်ခြိုက်မိသောစာတိုပေစများကိုစုစည်းထားခြင်း ဖြစ် ပါသည်။ စာတိုပေစများစုစည်းထားခြင်းမျှသာဖြစ်ပြီး၊ကူးယူမျှဝေမှု့ အတွက်မူရင်းပိုင်ရှင်များကိုကျေးဇူးအထူးတင်ရှိပါသည်။
Monday, 9 May 2011
မြစ်ဆိပ်ရဲ့ သီချင်း(ဆရာနေဝင်းမြင့်)
(၁)
မျက်နှာကို တိုးဝှေ့နေသော လေတွေထဲမှာ ဆားငွှေ့တွေပါသည်။
ပြီးတော့ ရွှံ့ နွံနံ့လိုလို ညှီစို့စို့အနံ့တွေပါသည်။
မြစ်ရေသည် အကျဖြစ်၍ ဗောတံတားသည် ဦးစောက်ဖင်ထောင်ဖြစ်နေသည်။
ရေကျဖြစ်သဖြင့် ရွှံနှစ်နိမ့်လျှောသည် ညစ်ပတ်ပေနေလေသည်။ ဗောတံတားပေါ်မှာ
တော့ လူတွေက သစ်လွင်တောက်ပနေပြန်သည်။
သင်္ဘောထွက်တော့မည်။ ကျွန်တော်က ဗောတံတားအစပ်မှာထိုင်ရင်း ရောင်စုံခရီးသည်များ
ငါးမျှားသူများကို ကုန်ထမ်းဝန်ထမ်းများအားလုံးကို ငေးကြည့်နေမိလေသည်။
ဗောတံတားအောက်က ဘော်ယာပေါ်မှာတော့ လူတွေသိပ်များများစားစား မရှိလှ။
လှေသမားတစ်ချို့ ရှိသည်။ ဖွဲလှေတွေရှိသည်၊ ရေခဲလှေတွေရှိသည်။
“အမေတို့ကတော့ ခက်တာပဲ အမေရာ...သုံးရာဆိုတဲ့ ပိုက်ဆံကနည်းတာမှတ်လို့၊
ဒီတစ်ခါလာရင် သမီးကတော့ ရောင်းမှာပဲ”
“တော်စမ်းပါအေ ဒီတစ်ခါထပ်ပြောရင် ညည်းပါးကျိုးမယ်မှတ်ထား၊ မိန်းမယုတ်မ....
အလေနေတော...”
“ဘာဖြစ်လို့ မပြောရမှာလဲ၊ အမေတို့က ကျွန်မရှာတာစားနေရတော့ ထမင်းဘယ်လို
ရှာရသလဲ အမေမှ မသိတာ”
“ ဘာအေ့....ညည်း ဘာစကားပြောတာလဲ၊ ငါက ထမင်းဘယ်လိုရှာရတာမသိဘူး
ဟုတ်လား.....ကန်းမ..ဒါ ကျေးဇူးဆပ်တာပေါ့လေ”
အသံတွေက အားလုံးကိုထွင်းဖောက်ထွက်ပေါ်နေခြင်းဖြစ်သည်။ ကျွန်တော်က
ဗောတံတားအောက်ကို လှမ်းကြည့်လိုက်သည်။ မြင်နိုင်သလောက်က မိန်းမ
တစ်ယောက်၊ အသက်ကြီးကြီးမိန်းမတစ်ယောက်၊ နောက် စောင်ပုခက်တစ်လုံး၊
ဘောယားအလယ်မှာ ဒန်အိုးအပိန်လေးနှစ်လုံးရှိသည်။ မှောက်ထားသောချိုင့်
ဟောင်းလေးတစ်လုံးရှိသည်။
“ ကိုင်း...ထွက်ဦးဟဲ....ထမင်းမစားရသေးဘူး”
“အမေ ဆာပြီလား”
“သင်္ဘောကြီးထွက်တော့မယ်အေ့...လေးနာရီထိုးတော့မယ်၊အချိန်မနည်းတော့ဘူး”
“မနက်က ဆီနှစ်ပုလင်းကို မအေးတို့ကိုပဲ ပေးလိုက်မယ်၊ဈေးတော့နှိမ်တယ်အမေရဲ့ 
ဒါပေမယ့် မတင်းရဲပါဘူး၊ရသလောက်ပေါ့”
“ပေးလိုက်ပါအေ...ညည်းပိုက်ဆံတက်စုလိုက်၊ နည်းနည်းလိုတဲ့ ဆီ တက်စုကြည့်ပါဦးလား”
“အင်းပါ”
“ဒီမယ်....နောက် ထမင်းဝယ်ရင် ငါးဖယ်ငါးဆုပ်ဟင်းပဲ ဝယ်ပါဟယ်၊ ဟင်းရည်များများ
ဆမ်းခိုင်း ကြားလား....မနေ့က ညည်းဝယ်တာ ခြောက်ခြောက်ကြီး”
“အင်းပါ”
မိန်းမရွယ်က တံတားအောက်က အပြင်ထွက်လာသည်။ဖိနပ်မပါသော သူမ၏ခြေထောက်
တွေက ရွှံနှစ်တွေကို တစွတ်စွတ် နင်းဖြတ်လာခြင်းဖြစ်သည်။ လက်ထဲမှာ နို့မှုံဘူးခွံတစ်လုံး
ပါလာသည်။ ရေမြုပ်တစ်စပါသည်။
သူတို့သားအမိကို ငေးကြည့်နေသောကျွန်တော့်ကို သူမသတိပြုမိသွားသည်။ပြုံးပြသည်။
ထိုအပြုံးကို ကျွန်တော်နားလည်သည်။ သူမက ခပ်လှမ်းလှမ်း ဆီတိုင်ကီဆီသွားနေသည်။
မြစ်ဝကျွန်ပေါ်အမည်တွေ ရေးထိုးထားသည့် ဆီတိုင်ကီတွေဖြစ်သည်။
ဆီပုံးတွေကိုစောင့်သောလူတစ်ယောက်နှင့် သူမ စကားပြောသည်။ ထောင်တစ်ချို့ 
လဲတစ်ချို့  ဒီဇပုံးယ်တွေက ဒီဇယ်တွေ ဖိတ်အန်ကျနေတာရှိသည်။ သူမက ရေမြုပ်နှင့်
စုပ်သည်။ နှို့ မှုံ့ ဘူးခွံထဲ ညှစ်ထည့်သည်။
သဘောင်္ကြီးထွက်တော့မည်။ အချက်ပေးခေါင်းလောင်းသံကြောင့် လူတွေ ပိုမိုလှုပ်ရှား
ပြေးလွှားနေကြသည်။ ရန်ကုန်မြစ်သည် ဆည်းဆာနေရောင်ခြည်အောက်မှာ ရယ်မော
နေလေသည်။
(၂)
ရေမြစ်ညီနေလုံးသည် မြစ်တွေနဲ့တည့်တည့် အနားစွန်းမျဉ်းကြောင်းထဲမှာ နစ်ဝင်တော့
မည်။လေတွေ ပိုတိုက်လာသည်။ မည်းမှောင်ခါ ပိုမိုလှုပ်ခါ ပွတ်ထနေသည်။
ဆိပ်ကမ်းလဘက်ရည်ဆိုင် ထမင်းဆိုင်တွေဆီက ကက်ဆက်သီချင်းသံသည်ပင်
တိတ်ဆိပ်သွားပြန်ပေါ့။ သည်နေရာလေးမှာ လူရှင်းသွားပြန်ပြီ။ ဂိုဏ်းသိမ်းအလုပ်သမား
တစ်ချို့ ရှိနေသည်။ တစ်ချို့ က ပိုက်ဆံခွဲနေသည်။
လက်တွန်းဈေးသည်တွေလည်း သိမ်းစပြုပြီ။ ကျွန်တော်မပြန်ဖြစ်သေး။ သည်နေရာကလေး
မှာ နေလို့ရသလောက်(ထိုင်လို့ရသလောက်)ထိုင်နေဦးမည်ဟု စိတ်ပိုင်းဖြတ်လိုက်သည်။
မိမိသည်ပင် လာတုန်းက ငါးမျှားဖို့ သက်သက်သာဖြစ်သည်။ သို့သော် ငါးမမျှားဖြစ်၊လူတွေ
ကိုသာ ထိုင်ကြည့်နေမိသည်။
သူမ ပြန်ရောက်လာသည်။ ကျွန်တော့်ဘေးနားက တမင်ကပ်ကာ သီချင်းညည်းရင်း တံတား
အောက်ကို ဝင်သွားသည်။ ပြီးတော့ လှည့်ကြည့်ကာ ပြုံးပြပြန်သည်။လက်ထဲက နို့မှုံ့ ဘူးခွံထဲမှာ
ဒီဇယ်တစ်ဝက်လောက် ပါလာဟန်တူသည်။ တံတားအောက်ကို လှမ်းကြည့်တော့ မှောင်နေလေသည်။
ကလေးငိုသံနှင့်ကလေးချော့သံတွေ မှောင်ထဲက လွင့်ပျံ့ လာပြန်သည်။သီချင်းက လဘက်ရည်ဆိုင်တွေ
မှာ ခဏခဏကြားရသော စတီရီယို သီချင်းတစ်ပုဒ် ဖြစ်နေသည်။
ခဏကြာတော့ သူမ ပြန်ထွက်လာပြန်သည်။သည်တစ်ခါတော့ နှုတ်ခမ်းနီတွေ ညိုရင့်နေအောင် ဆိုးထားသည်။
အဆီတွေပြန်နေသော မျက်နှာပေါ်က နှုတ်ခမ်းနီသည် အဆက်အစပ်မဲ့ လှပနေသည်။ သည်တစ်ခါတော့
ကျွန်တော့်ဆီ တည့်တည့်လာခြင်းဖြစ်သည်။ လက်ထဲမှာ ကျွတ်ကျွတ်အိပ်တစ်လုံး။
“ လာလည်မလို့လား”
“ဗျာ”
ကျွန်တော့်ကို စကားပြောလိမ့်မည် မထင်သဖြင့် ဘာဖြေရမှန်းမသိ။
“ဩော်....လာလည်မလို့လားလို့ပါ”
“ဘယ်ကိုလဲ”
“ဟော့တော်”
သူမက ရုပ်ရှင်ထဲက မိန်မပျက်သရုပ်ဆောင်တစ်ယောက်နှင့် ပိုတူနေလေသည်။
ညှို့ ရီသောမျက်ဝန်းတွေနှင့်အတူ အတန်ငယ်ဖွံ့ထွားသော ခန္ဓာကိုယ်တစ်ခုလုံး
လှုပ်နေအောင် တမင်ရယ်မောနေသည်ကလည်း ကြည့်မကောင်းတော့ချေ။
“လာလည်မလားဆိုတာ ရှင်မသိဘူးလား၊ လှေစီးလားဆိုတာကော ရှင်သိလား၊ဟင်း ဟင်း..
ဒီတံတားအောက်ကို လာလည်မလားလို့ မေးတာပါ”
“ဩော်..အင်း...”
“နေဦး ကျွန်မ ထမင်းသွားဝယ်ဦးမယ်၊ ခဏစောင့်နော်”
ကျွန်တော် ဘာမှပြန်မပြောနိုင်မှီမှာပင် သူမသည် သစ်ရွက်တစ်ရွက်လို ပြေးထွက်သွားသည်။
သိပ်မကြာလှ၊ ခဏလေးအတွင်းမှာပဲ ပြန်ရောက်လာသည်။ ကျွတ်ကျွတ်အိပ်ထဲမှာ
ထမင်းတွေဟင်းတွေ ရောထွေးထည့်လာသည်။
“လာလေ လိုက်ခဲ့”
ကျွန်တော်က တံတားအောက်ကို လိုက်ဖို့မလိုက်ဖို့ စဉ်းစားနေမိသေးသည်။
နောက်တော့ တံတားအောက်ကို လိုက်ဖြစ်သွားသည်။ တံတားအောက်က
အတော်အတန်သင့်ကျယ်သော ဘောယာပေါ်မှာ သူတို့ နေကြခြင်းဖြစ်သည်။
တံတားအောက်မှာ အတော်မှောင်မည်းနေလေသည်။ မျက်နှာကို ပထမဦးဆုံး
လာရောက်တိုးထိနှုတ်ဆက်သူတွေမှာ ခြင်တွေဖြစ်သည်။ ကုန်းပေါ်က
လှမ်းမမြင်ရသော ပစ္စည်းတစ်ချို့  တံတားအောက်မှာတွေ့သည်။ သံသေတ္တာ
ဟောင်းတစ်လုံး၊ ထဘီအဟောင်းတွေက ပြန့်ကျဲနေသည်။
အသက်ကြီးကြီး အဖွားအိုက ကလေးငယ်တစ်ယောက်ကို ပွေ့ချီထားသည်။
တံတားသံပေါင်မှာ သံကြိုးတစ်ဖက်၊ အဝတ်တစ်ဖက်ချည်ထားသော အဝတ်
ပုခက်၊ နောက် သံပန်းကန်များနှစ်ချပ် သုံးချပ်၊ ပလပ်စတစ်ခွက်ကလေးတစ်လုံး။
သူမက ထမင်းအိတ်ကို အဖွားအိုလက်ထဲ ပေးလိုက်သည်။
“အမေ....ဒီအစ်ကိုက သမီးတို့ဆီ လာလည်မလို့တဲ့”
သူ့အမေက သူမကိုတစ်လှည့် ကျွန်တော့်ကိုတစ်လှည့် ကြည့်သည်။
ကလေးကို ပုခက်ထဲပြန်ထည့်သည်။ ပြီးတော့ အသာအယာလွှဲပေးနေပြန်သည်။
“အစ်ကို....အချိန်ရတယ်မဟုတ်လား”
“ဩော်....အင်း...ရပါတယ်”
“မဟုတ်ဘူး....မြန်မြန်ပြန်ချင်တာလား၊အေးအေးဆေးဆေးလား မေးတာ”
ကျွန်တော့်ကို သားအမိနှစ်ယောက်စလုံးက ရေခြားမြေခြား သတ္တဝါတစ်ကောင်လို
ကြည့်နေကြသည်။
သူမက သူ့အမေကိုကြည့်တော့ အဖွားအိုက တံတားအောက်ကထွက်သွားသည်။
အပြင်မှာ လုံးဝမှောင်သွားပြီ။ အတွင်းမှာ ပိုမိုမှောင်မည်းလာသည်။
မြစ်ရေသည် လက်တစ်ကမ်းမှာ ရှိနေသည်။ လူမဲ့လှေတွေက ဆက်ကာဆက်ကာ
ထိစပ်ရင်း ရှည်မျောနေသည်။ လှေတွေကိုကျော်၍ မြင်ရသော မြစ်ရေပြင်သည်
ကြောက်မက်ဖွယ်ကောင်းနေသော်လည်း ရေပြင်ပေါ်ကို ဖိတ်အန်ကျနေသော
အလင်းရောင်တွေက ရေပြင်ကို တလက်လက် အရောင်ထွက်နေစေသည်။
“အစ်ကို....လာလေ”
ကျွန်တော်က နှစ်နှစ်ခြိုက်ခြိုက်ကြီး ပြုံးဖြစ်သွားသည်။ နှုတ်ခမ်းနီဆိုး
နှုတ်ခမ်းတွေကို သဲသဲကွဲကွဲ မမြင်ရသော်လည်း တံတားမှောင်ရိပ်ထဲမှာ
နှုတ်ခမ်းနီရနံ့သည် မွှမ်းစူးနေသည်။
“မဟုတ်ပါဘူး။ ကျွန်တော်က ရိုးရိုးလာလည်တာပါ”
“ရှင်.....”
“ဩော်...ကျွန်တော် ရိုးရိုးလာလည်တာပါလို့...”
“ဒီတံတားအောက်ကို ရိုးရိုးလာလည်တယ်၊ ဟုတ်လား”
“တံတားအောက်ဆိုတာလည်း ခင်ဗျားတို့အိမ်ပဲ မဟုတ်လား၊
ခင်ဗျားတို့ရဲ့ နေစရာပဲ မဟုတ်လား၊ကျွန်တော် ခင်ဗျားတို့ကို ခင်လို့
လာလည်တာပါ”
“ဟော့တော်.......အမေရေ....”
သူမက အသံကိုမြှင့်အော်လိုက်သဖြင့် အဖွားအို ပြန်ဝင်လာသည်။
ကျွန်တော့်ဘေးမှာ ထိုင်သည်။
သစ်သားမီးခြစ်ဆံတစ်ချောင်းကို ထုပ်က ဆေးလိပ် မီးညှိသည်။
မရ။ ပြန်ခြစ်သည်၊ မြစ်လေကြောင့် မီးငြိမ်းသွားသည်။ ကျွန်တော်က
အိပ်ထဲက ဓာတ်ငွေ့မီးခြစ်ကို ထုပ်ကာ လက်နှင့်လေကွယ်ရင်း ခြစ်ပေးလိုက်သည်။
တံတားအောက်မှာ ခဏကလေး လင်းကျင်းသွားသည်၊ ပြီးတော့ မှောင်သွားပြန်သည်။
“သမီးတို့ဆီကို ရိုးရိုးလာလည်တာတဲ့ အမေရဲ့ ”
သူမက ရီတာလား အတည်လား မသိရသည့် အသံမျိုးနှင့် ပြောနေခြင်းဖြစ်သည်။
“ဩော်..လူလေးက လာလည်တာလား”
“ဟုတ်ပါတယ်။ အမေ့သမီးက လာလည်မလား ဆိုတာနဲ့ လာလည်တာပါ”
သူမထံက ခစ်ကနဲ ရယ်သံကြားရသည်။
“အမေတို့ အရင်ကဘယ်မှာနေတာလဲ”
“ကြည်မြင့်တိုင်းကမ်းနားက ကျောင်းကွင်းစပ်မှာ။ အဲဒီကနေ ဒီရောက်လာတာ”
“ဒီနေရာ ရေရောက်တယ်မဟုတ်လား”
“ရေတက်ချိန်တို့၊ မိုးတွင်းတို့ ဆိုရင်တော့ ဒီနေရာကလည်း မြင့်လာတာပေါ့။ ရေကျတော့
ဗောကြီးက လိုက်ကျသွားပြန်ရော။ ရေမြင့်တော့ ကြာမြင့်ဆိုသလိုပေါ့”
ပုခက်ထဲက ကလေးငိုသံ ထွက်လာပြန်သည်။ မိခင်ဖြစ်ဟန်တူသူ မိန်းမရွယ်က ထမကြည့်။
“ဟဲ့ကောင်မ...နို့တိုက်ဦး”
“သောက်ကလေးက လုပ်ပြီ”
“ညည်းတစ်နေ့လုံး နို့မတိုက်ရသေးပါဘူးအေ၊ ကျုပ်မြေးလေး နို့ဆာရောပေါ့။ ထပါအေ...”
ရေပြင်က ပြန်ဟပ်သော အလင်းရောင်ပဲ ရှိသည်။ ခြင်တွေက သဲသဲမဲမဲ။ လှေတွေကို
ရေတိုးသံက တဖျပ်ဖျပ်မြည်းဟည်းနေသည်။
“ဒီနေရာမှာ နေလို့ရလား”
“ဘယ်ရမလဲ။ ဒါပေမယ့် ဒီလိုပဲ နေရတာပဲ”
“စားတော့ကော”
“တစ်ခါတလေလည်း ချက်တာပဲ။ ဝယ်စားတာက များပါတယ်”
“မဟုတ်ဘူး...ဝင်ငွေကိုပြောတာ”
“ဝင်ငွေလား.....နေ့ခင်းဘက် ဆီလိုက်စုတယ်။ဟိုဘက်တံတားတွေမှာ
ဘိလပ်မြေ လိုက်စုတယ်။ ပဲစေ့တွေ ကောက်စုတယ်”
ညနေတုန်းက ဆူညံပွတ်ထနေသော သည်နေရာက အခုတော့ ငြိမ်သက်တိတ်ဆိတ်နေသည်။
တစ်ခါတစ်ခါ သင်္ဘောဥဩသံအချို့ ကို ကြားနေရသည်။
ရွှံ့ နှစ်နံ့၊ မြောင်းပုပ်နံ့၊ သစ်သီးပုပ်နံ့၊ ညှီပြဲပြဲ ရနံ့ဆိုးတွေ.....ဝေ့ဝဲနေသည်။
“ကျွန်တော် ပြန်တော့မယ်နော်...ကလေးဖို့ မုန့်ဖို့ပေးချင်လို့”
ကျွန်တော်က ဆယ့်ငါးကျပ်တန်တစ်ရွက်ပေးတော့ အဖွားအိုက လှမ်းယူသည်။ထမင်းထုပ်ဝယ်လာသော်
လည်း သူတို့ ထမင်းမစားသေးတာကို သတိရသည်။
“ထမင်းစားကြဦးလေ”
“ရပါတယ်.....နောက်မှပဲ စားတော့မယ်”
ကျွန်တော် တံတားအောက်က ထွက်လိုက်သည်။ အသက်ကို တစ်ဝကြီး ရှူပစ်လိုက်သည်။
ဗောတံတားပေါ်ကို ပြန်တက်လိုက်သည်။ ဆိပ်ကမ်းတစ်လျှောက် တစ်မျှော်တစ်ခေါ် ထိန်ညီးနေလေသည်။
တံတားပေါ်နှင့် တံတားအောက်၊ အလင်းနှင့်အမှောင်က ရက်စက်စွာ စည်းခြားနေလေသည်။
(၃)
မာကျူရီ မီးအောက်က ကွမ်းယာဆိုင်ကလေးမှာ စီးကရက်တစ်ဘူး ဝယ်လိုက်သည်။
တစ်လိပ်ထုပ်ကာ ဓာတ်ငွေ့မီးခြစ်နှင့် ညှိလိုက်သည်။
“အစ်ကို....ပြန်တော့မယ် ဟုတ်လား”
သူမ......
အဖွားအိုက ကလေးတစ်ဖက်ကို ချီကာ ခပ်လှမ်းလှမ်းမှာ ရပ်နေကြသည်။
ကျွန်တော်ထွက်လာပြီး သူတို့ ထွက်လိုက်လာမှန်း ကျွန်တော်မသိ။
“အင်း..........ဟုတ်တယ်.....ကျွန်တော်သွားတော့မယ်...အဲ..နေပါဦး၊ညနေက
သုံးရာနဲ့ရောင်းမယ် ဆိုတာလေ...ကျွန်တော်ကြားတယ်။အဲဒါ မမေးမိသေးဘူး”
စင်စစ် သည်မေးခွန်းက ရိုင်းသွားမှန်း ကျွန်တော်သိသော်လည်း ရင်ထဲမှာ ရှိနေသဖြင့်
ကျွန်တော်မေးလိုက်မိသည်။တံတားအောက်က သူတို့အိမ်ကလေးထဲမှာ သုံးရာတန်
ဆိုလို့ ဘာမှမတွေ့ခဲ့ရ။
သူတို့အတွက် ငွေသုံးရာသည် များလှသောငွေကြေးဖြစ်သည်။ဘာပဲဖြစ်ဖြစ် ငွေသုံးရာ
လောက် သူတို့လက်ထဲမှာ ရှိနေသည်ဆိုလျှင်ပင် အထိုက်အလျောက် အဆင်ပြေနိုင်သည်။
“အလကားပါ အစ်ကိုရာ...အဲဒီအကြောင်းပြောရင် ဒေါသဖြစ်ရတယ်။ အမေပေါ့...ကပျက်ယပျက်
သိပ်လုပ်တာ”
အဖွားအိုက ကလေးကို ပွေ့ချီရင်း မြစ်ပြင်ကို ငေးနေဆဲ။ တစ်ခွန်းတစ်လေမှ ဝင်မပြော။
“အင်းပါ...ပစ္စည်းကိုမေးတာပါ။ ဘာပစ္စည်းလဲလို့..”
“ဩော်...ကလေးပါ...ဟောဒီကလေးပါ”
သူမက ဖွားအေချီထားသောကလေးကို မေးငေါ့ပြသည်။ ပြီးတော့ ခံစားချက်မဲ့မျက်နှာဖြင့်
ဆက်ပြောသည်။
“အစ်ကို ဝယ်မလား။ ဝယ်ပါအစ်ကိုရဲ့ ...သုံးရာပဲ ပေး၊ မိန်းကလေးတော့ မိန်းကလေးနော်။
တစ်လောက ရေထဲကျသေသွားတဲ့ကလေးက ယောင်္ကျားလေး။ ချောကချောသနဲ့။
အစ်ကိုတွေ့ရင် သဘောကျမှာ.....ယူပါအစ်ကိုရဲ့ ”
အဖွားအိုကမူ မြေးငယ်ကို ပိုမိုတင်းရစ်စွာ ပိုက်ပွေ့ထားသည် ဟုထင်သည်။
ပြီးတော့ တံတားအောက်သို့ ပြန်ဆင်းသွားသည်။
လမ်းပေါ်က မာကျူရီမီးအောက်မှာ နှုတ်ခမ်းနီတွေ ရဲအောင်ဆိုထားသော သူမရှိသည်။
တံတားအောက်မှာတော့ သံသေတ္တာဟောင်း တစ်လုံးရှိမည်။ သံပန်းကန်နှစ်ချပ် ရှိမည်။
အဝတ်ဟောင်း ပုခက်တစ်လုံးရှိမည်။ ကလေးချော့စတီဒီယို သီချင်းတစ်ပုဒ်ရှိမည်။
ခြင်တွေ ရှိမည်။ ပြီးတော့........မျက်ရည်တစ်ချို့ ရှိနေမည်။
မာကျူရီညထဲမှာ ရန်ကုန်မြစ်ရေသည် ထုံးစံအတိုင်း တသိမ့်သိမ့် ရယ်မောနေလေသည်။
(ဆရာနေဝင်းမြင့်၏ ၁၉၉၁နှစ် ဧပြီ၊ ရင်ခုန်ပွင့်မဂ္ဂဇင်းမှ ဝတ္ထုတိုကို ဖော်ပြပေးခြင်းဖြစ်ပါသည်)
အရှင်ကောသလ္လ(မစိုးရိမ်) ၏ သီရိမင်္ဂလာ ၀က်ဆိုက်မှထပ်မံကူးယူမျှဝေပါသည်။
http://www.srimingalar.com/2011/05/blog-post.html
Subscribe to:
Post Comments (Atom)
No comments:
Post a Comment